Wednesday, 10 June 2015

ခရစ်တော်၏တပည့်တော် အနြေ္ဒ၏အကြောင်း



အနြေ္ဒသည် ယေရှုခရစ်တော်၏ တပည့်တော် ဆယ့်နှစ်ယောက်ထဲကဖြစ်သည်။ သူသည် ဗက်ဇဲဒမြို့ (Bethsaida)သား ဖြစ်ပြီး (ယော ၁း၄၄)၊ ပေတရု၏ ညီအရင်းဖြစ်ကာ (မ ၄း၁၈၊ ၁၀း၂) တံငါသည်ဖြစ်သည်။ ယေရှုခရစ်တော်၏နောက် လိုက်မဖြစ်မှီ ဗတ္တိဇံယောဟန်၏ နောက်လိုက်တစ်ဦးဖြစ်ခဲ့သည် (ယော ၁း၄၀)။ ခရစ်တော်ထံ ပေတရုကို ခေါ် ဆောင်လာသူမှာ အနြေ္ဒပင် ဖြစ်ပါသည် (ယော ၁း၄၁ - ၄၂)။

ခရစ်တော်က လူပေါင်းငါးထောင်ကျော်အား မုန့်နဲ့ငါး ကျွေးခဲ့စဉ်က ငါးနှစ်ကောင်နှင့် မုန့်ငါးလုံးကို ယူဆောင်လာသော သူငယ်ကို တွေ့ရှိသူမှာ အနြေ္ဒဖြစ်ပါသည် (ယော ၆း၈-၉)။ ယေရှုခရစ်တော်ကို မြင်ချင်သော ဟေလသလူတို့ကို ယေရှု ထံမိတ်ဆက်ပေးသူမှာလည်း အနြေ္ဒပင်ဖြစ်ပါသည် (ယော ၁၂း၂၀-၂၂)။ ဤအကြောင်းအရာတို့ကို ကြည့်ခြင်းအားဖြင့် အနြေ္ဒ သည် လူအများအား ခရစ်တော်ထံသို့ ရောက်ရှိစေလိုသော ဆန္ဒပြင်းပြသူတစ်ယောက်ကြောင်း သိရှိနိုင်ပါသည်။ 

ယခုခေတ်ယုံကြည်သူ များအတွက် အနြေ္ဒ၏အသက်မှ အတုယူစရာကောင်းသောအချက်မှာ ခရစ်တော်ထံသို့ သူတစ်ပါးအား ခေါ်ဆောင်လာတတ်ခြင်းဖြစ်သည်။  ယုံကြည်သူတစ်ယောက်အနေဖြင့် အခြားသောလူများကို ခရစ်တော်ထံ ပို့ဆောင်နိုင်သောသူ ဖြစ်ရန် အရေးကြီးလှပါသည်။ ဤအရာသည် သင်းအုပ်ဆရာ၊ ဧ၀ံဂေလိဆရာများအတွက်သာမဟုတ်ပဲ ခရစ်ယာန်တိုင်းတို့၏ တာဝန်တစ်ရပ်ဖြစ်ပေသည်။ 

အနြေ္ဒသည် အမိနိုင်ငံနဲ့နိုင်ငံခြားတွင် ပထမဆုံးသော Missionary အဖြစ်အသိအမှတ်ပြုခြင်းကို ခံရသူဖြစ်ပါသည်။ သတင်းကောင်း ဝေငှခဲ့သောနေရာများတို့မှာ Scythia, Greece နဲ့ Asia Minor တို့ဖြစ်ပါသည်။ ရိုးရာယုံကြည်မှုအရ အနြေ္ဒသည် Achaia  မှာရှိတဲ့ Patra မြို့တွင်သေဆုံးခဲ့သည်ဟုဆိုကြ၏။ အနြေ္ဒသည် ဘုရင်ခံ Aepeas ၏ မွေးချင်းတစ်ယေက်နဲ့ဇနီးသည်တို့ကို ခရစ်ယာန်အဖြစ် ပြောင်းလဲနိုင်ခဲ့သောကြောင့် Aepeas က သူ၏အပေါ်တွင် အမျက်ထားကာ ထောင်ထဲတွင်ချုပ်နှောင်ထားပြီး လက်ဝါးကားတိုင်တွင် ခရစ်တော်ကဲ့သို့ကွပ်မျက်ရန်ကြံစည်ခဲ့သော်လည်း သူ၏ငြင်းဆိုမှု (သူ၏သခင်ကဲ့သို့မခံထိုက်ဟုယုံကြည်မှု) ကြောင့် ကြက်ခြေခတ် ကားတိုင် (X) တွင်ကွပ်မျက်ခြင်းကို ခံခဲ့ရပါသည်။ ခုခေတ်ယုံကြည် သူများက ကြက်ခြေခတ်ကားတိုင်ကို အနြေ္ဒ၏သင်္ကေတ အဖြစ် အသုံးပြုလာကြပါသည်။   




ကိုးကား

Fausset Bible Dictionary (Android App)  
Easton Bible Dictionary (Android App)  
Smith Bible Dictionary (Android App)  

No comments:

Post a Comment

Note: only a member of this blog may post a comment.