Thursday, 5 October 2017

သုတ္တံ ၆း၆-၇ (၀ိညာဉ်ခွန်အား)

“အချင်းလူပျင်း၊ ပုရွတ်ဆိတ်ထံသို့သွား၍ သူ၏ အပြုအမူတို့ကိုဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပုရွတ်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊ နွေကာလနှင့် စပါးရိတ်ရာကာလ မိမိစားစရာအစာကို ရှာဖွေသိုးထားတတ်၏။” (သုတ္တံ ၆း၆-၇)
သုတ္တံဆရာက ကျွန်တော်တို့အား ပုရွတ်ဆိတ်ကို ဆရာအဖြစ်ခံယူစေလိုသည်။ အထူးသဖြင့် လူပျင်းတွေအတွက်ပေါ့။ သုတ္တံဆရာက ဘာကြောင့်ကျွန်တော်တို့ကို ပုရွတ်ဆိတ်ထံ တပည့်ခံစေသနည်း။ အကြောင်းမှာ ပုရွတ်ဆိတ်သည် ဖန် ဆင်းရှင်ဘုရား၏ ဖန်ဆင်းထားသည့်အတိုင်း မပျင်းမရိ၊ ကြိုးကြိုးစားစား အသက်ရှင်နေထိုင်ခြင်းကြောင့်ဖြစ်သည်။


သုတ္တံဆရာက ပုရွတ်ဆိတ်တို့သည် နွေကာလနှင့် စပါးရိတ်ရာကာလ (ဆောင်းတွင်း) တို့တွင် အစာစုကြသည်ဟု ဖော်ပြ ထားသည်။ ဘာကြောင့် ဤအချိန်တွင် အစာများကိုစုထားကြရသနည်း။ ပုရွတ်ဆိတ်အနေဖြင့် မိုးတွင်းကာလတွင် အစာရှာထွက်မည်ဆိုလျှင် မိုးရေကြောင့် သေပွဲဆင်နွဲရမည်မှာ သေချာလှသည်။ မိုးစက်တစ်စက်ပင် သူ့အတွက် ဧရာမကြောက်စရာကောင်းသော အရာဖြစ်ပေမည်။ ထို့ကြောင့် ပုရွတ်ဆိတ်အနေဖြင့် ဆောင်းတွင်နှင့် နွေကာလများတွင် မိုးတွင်းစားရန် အစာများကို ရှာဖွေစုဆောင်းခြင်းဖြစ်သည်။


ပုရွတ်ဆိတ်သည် သူ၏အားနည်းချက်ကို သိရှိထားသည်။ မိုးတွင်းအစာရှာထွက်လျှင် ဒုက္ခကောင်းကောင်း တွေ့ကြုံနိုင်သည်ကို သိသောကြောင့် ဆောင်းတွင်းနှင့် နွေကာလတို့တွင် ပျင်းရိအချိန်ဆွဲခြင်းမရှိဘဲ အစာများကို ရှာဖွေစုဆောင်းသည်။ ထိုသို့မလုပ်ပဲ ပျင်းရိအချိန်စွဲနေမည်ဆိုလျှင် မိုးတွင်းအတွက် အစာစားစရာမရှိဘဲ ငတ်ပြတ်ပြီး သေရ မည်ဖြစ်သည်။ ၀ိညာဉ်ရေးရာ ရင့်ကျက်သောယုံကြည်သူတစ်ဦး ဖြစ်လိုလျှင် ပျင်းရိနေ၍ မရပေ။ ၀ိညာဉ်အစာဖြစ်သော နှုတ်ကပတ်တော်လေ့လာခြင်း၊ တရားဒေသနာနားထောင်ခြင်း၊ အမှုတော်မြတ်တွင် တတ်နိုင်ရာနေရာကနေ ပါဝင်ဆက် ကပ်ခြင်း အစရှိသည်တို့ကို မပျင်းမရိ လုပ်ဆောင်ရမည်ဖြစ်သည်။ သို့မှသာ စာတန်၏လှည့်ဖြားခြင်း (မိုးတွင်းကာလ)မှ အနိုင်ယူနိုင်မည်ဖြစ်သည်။


ပုရွတ်ဆိတ်သည် မိုးတွင်းကာလတွင် အစာရှာထွက်လျှင် ဒုက္ခကောင်းကောင်းတွေ့နိုင်သည် ဟူသောအသိစိတ်ကို ဘုရားသခင်ကပေးသည်။ ဖန်ဆင်းရှင်ဘုရားက ဖန်ဆင်းထားသည့်အတိုင်း ပုရွတ်ဆိတ်တို့သည် အသက်ရှင်ပြီး အလုပ် လုပ်ကြသည်။ တနည်းဆိုရသော် ဘုရားသခင်ထားသည့်အတိုင်း နေကြသည်ဟုဆိုရပေမည်။ ထိုနည်းတူ စဉ်းစားရမည် ဆိုလျှင် ဘုရားသခင်က ကျွန်တော်/မ တို့ကို ဤလောကတွင် ဘာကြောင့်ထားရသနည်း။ ယုံကြည်သူသည် ဤလောက တွင် ဘယ်လိုအသက်ရှင်နေထိုင်ရမည်နည်း။ ယေရှုကလူတွေကို အပြစ်မှကယ်တင်ရန် ဤလောကသို့ လူသားအဖြစ် ကြွလာခဲ့သည်။ လူသားများကို သူ၏အသက်ပေး၍ကယ်တင်ကာ ထာဝရအသက်ကိုပေးသည်။ ယေရှုကိုယ်တိုင်ကလည်း လူမျိုးတကာတို့ကို သူတပည့်ဖြစ်စေဖို့ လုပ်ဆောင်ရန် တပည့်တော်များ (ယခုခေတ်ယုံကြည်သူများပင်) မိန့်မှာခဲ့သည် (မသဲ ၂၈း၁၉-၂၀)။ တပည့်တော်များကလည်း ခရစ်တော်မိန့်မှာခဲ့သည့်အတိုင်း လုပ်ဆောင်ခဲ့ကြသည်။ သင်နှင့် ကျွန်ုပ် သည်လည်း ဘုရားသခင်၏နိုင်ငံတော်ကျယ်ပြန့်ဖို့ရန် မိမိတတ်နိုင်ရာနေရာကနေ အစွမ်းကုန် ပါဝင်ဆက်ကပ်ရမည် ဖြစ်သည်။


ခရစ်တော်၏သတင်း​ကောင်း ဝေငှဖို့ရန်အတွက် ဘာရာထူးမှမလို၊ မည်သည့်ဘွဲ့မှမလို၊ သီးသန့်နေရာမလို၊ ငွေကြေးချမ်း သာဖို့ရန်မလိုပါ (ဤအရာများမရှိရဟု မဆိုလိုပါ)။ တစ်ခုတည်းသော လိုအပ်ချက်မှာ ဝေငှမည့်သူသည် ခရစ်တော်၏ စစ်မှန်သောတပည့်တော်ဖြစ်ရန်ဖြစ်သည်။ သတင်းကောင်းကို ဝေငှသက်သေခံရာတွင်လည်း လူတိုင်းကို ဝေငှသက်သေခံနိုင်ပါသည်။


No comments:

Post a Comment

Note: only a member of this blog may post a comment.