Saturday, 12 December 2015

ခရစ္စမတ်ဘိုးဘိုး (Santa Claus)



ခရစ္စမတ်ဘိုးဘိုး (Santa Claus)

ခရစ်မတ်ဘိုးဘိုး၏သမိုင်းအကျဉ်း

ခရစ္စမတ်ဘိုးဘိုးကြီး (Santa Claus)၏ နာမည်အရင်းမှာ Saint Nicholas ဖြစ်ပြီး၊ သူသည် ၄-ရာစုခန့်တွင် မွေးဖွားခဲ့ပြီး၊ ဒီဇင်ဘာ ၆ ရက် အေဒီ ၃၄၀ (၀ါ) ၃၅၀ ခန့်တွင် လူ့လောမှ ထွက်ခွါသွား ခဲ့ပါသည်။ သူသည် ခရစ္စယာန်မိသားစု မွေးလာသူဖြစ်ပြီး၊ မိဘများဆုံးပါးသွားသောအခါ မိဘ၏အမွေ များကို လက်ခံရရှိခဲ့သည်။ သူသည် ငယ်ငယ်ရွယ် ရွယ်နဲ့ အသင်းတော်တစ်ပါးကို ဦးဆောင်သူဖြစ်လာ ခဲ့သည်။

ဆန်တာသည် ခရစ္စမတ်ရောက်တိုင်း သူ၏ငွေများကို အထုပ်များဖြင့်ထုပ်ကာ ဆင်းရဲသားများ၏ အိမ်ရှေ့တွင် ထားပြီး၊ ဆင်းရဲသားများကို မိမိတတ်နိုင်ရာဘက်မှ ကူညီမစခဲ့သည့် အချိန်မှစ၍ ထိုခေတ်က လူတွေကို လွမ်းမိုး နိုင်ခဲ့ပါသည်။ ထိုသို့လူတွေ၏ အခက်အခဲများကို နည်းအမျိုးမျိုးတို့ဖြင့် ကူညီခဲ့ရာမှ လူ တိုင်းတို့၏ လေးစားမှုနှင့် အတူ ထင်မြင်ယူဆချက်အမျိုးမျိုးတို့လည်း ပေါ်ပေါက်လာခဲ့ပါသည်။

ဆန်တာသေဆုံးပြီးနောက် လူတွေ၏နှလုံးသားထဲမှာ မမေ့နိုင်သည့်သူ၏လုပ်ရပ်များကို တစ်နှစ်တစ်ကြိမ် အချိန် ရောက်လာတိုင်း သူတို့၏အိမ်ရှေ့တွင် ဆန်တာအတွက်အစားအသောက်များကို ထားပေးကြပြီး၊ သူလာသော အခါ ထိုအရာများကို သူပါလာသောလက်ဆောင်များဖြင့် လှဲလည်မည်ဟု ထင်မြင်ယူဆကြ ပါသည်။ အချို့တို့က ဆန်တာသည် ကောင်းကင်ပေါ်မှ ညအခါတွင် ဆင်းသက်လာကာ လိမ္မာရေးခြား ရှိသောကလေးငယ်များကို လက်ဆောင်များလာပေးမည်ဟု ဆိုကြပါသည်။ ဤကဲ့သို့ ထင်မြင်ယူဆချက်များ အမျိုးမျိုးပေါ်ပေါက်လာရာမှ နောက်ဆုံးတွင် ကမ္ဘာအရပ်ရပ်ရှိ လူတွေရဲ့နှလုံးသားထဲကို လွမ်းမိုးလာကာ၊ ထင်မြင်ယူဆချက်နှင့် လုပ်ပုံလုပ် နည်းအမျိုးမျိုးတို့လည်းပေါ်ပေါက်လာရတော့သည်။

စာရေးသူ၏ အတွေ့အကြုံ

စာရေးသူနေထိုင်ခဲ့သော နယ်ရှိမြို့လေးတစ်မြို့တွင် ဒီဇင်ဘာ ၂၄ ရက်ညတွင် ကလေးငယ်များကို ပန်းကန်၊ ဇလုံ တို့ကို ကုတင်ဘေးတွင် ထားစေပြီး၊ ညအိမ်ပျော်နေချိန်တွင် ဆန်တာက လက်ဆောင်များလာထားမည်ဟု မိတို့က သားသမီးများကို ပြောဆိုပြုလုပ်စေကြသည့် ဓလေ့လေး ယနေ့ထိတိုင်ရှိနေပါသည်။ မနက်မိုးလင်း လာသောအခါ ညကချထားသော ပန်းကန်၊ ဇလုံများထဲတွင် လက်ဆောင်ပစ္စည်းများ အမှန်တကယ် ရှိနေ တတ်ပါသည်။ အမှန်မှန်မှာ မိဘများက ဈေးမှဝယ်ခဲ့သောပစ္စည်းများကို ထည့်ထားပေးခြင်းဖြစ်ပါသည်။

စာရေးသူငယ်စဉ်ဘ၀က ဒီဇင်ဘာ ၂၄ ရက်ညရောက်တိုင်း ပန်းကန်ခံခဲ့ဖူးပါသည်။ လက်ဆောင်ပစ္စည်များ လည်း ရရှိခဲ့ဖူးပါသည်။ ထိုအချိန်ကနားမလည်သည့်အရာမှာ ဘာကြောင့်ဒီဇင်ဘာ ၂၄ ရက်ညမှပဲ ရသလဲ။ ဤ မေးခွန်း၏အဖြေကို မသိရှိသောကြောင့် အခြားသောညများတွင် ဆန်တာထံ လက်ဆောင်ပစ္စည်းများ ထပ် တောင်းကာ ပန်းကန်ချထားခဲ့ဖူးသည်။ သို့သော်… မည်သည့်လက်ဆောင်ပစ္စည်းမှ မရ ရှိတော့ပ။ ခေါင်းကုတ်ခဲ့ သည့်အချိန် မနည်းခဲ့ပါ။ ညအိပ်ပျော်စဉ်တွင် မိဘများက ထားပေးကြသည်ဟု အရွယ်ရောက်လာမှသာ သိရှိခဲ့ရ သည်။

ခရစ်မတ်ဘိုးဘိုးနှင့် ခရစ်ယာန်အသက်တာ

ခရစ္စမတ်ဘိုးဘိုး၏သမိုင်းအကြောင်းကို အထက်ကအနည်းငယ် ဖော်ပြထားပြီးဖြစ်ပါသည်။ သူလုပ်ဆောင် ခဲ့သာ အရာသည် လူတိုင်းကျင့်သုံးသင့်သောအရာဖြစ်ပါသည်။ မရှိဆင်းရဲသားများကို ကူညီခြင်းသည် မွန်မြတ် လှသောအရာဖြစ်ပါသည်။ သို့သော်..ယနေ့…ခရစ်ယာန်များအကြား ဆန်တာအပေါ်မှာ ထားရှိသာ အမြင်များ သည် တဖြည်းဖြည်းမှားယွင်းလာသည်ဟု ဆိုရပေမည်။ အချို့သော ခရစ်ယာန်တို့က ယေရှုခရစ်တော်ထက် ဆန်တာကို ပိုမိုအလေးထားပုံ ပေါက်နေပါသည်။ ဆန်တာ၏ပုံများကို အပြည့်ချိတ်ဆွဲထားသော ဘုရားကျောင်း များလည်း တဖြည်းဖြည်းပေါများလာပါသည်။ ခရစ္စမတ်ကာလအတွင်း အသင်းတော်၏ လှုပ်ရှားမှုများတွင် ဆန်တာကဲ့သို့ ၀တ်ဆင်မှုများလည်း တဖြည်းဖြည်းပေါများလာပါသည်။ မယုံကြည်သူများအတွက် ဆန်တာ၏ မွေးနေ့ပွဲကျင်းပနေကြသည်ဟု ထင်ရလောက်အောင် ဖြစ်နေပါသည်။

အထက်ကဖော်ပြသော စာရေးသူ၏ငယ်စဉ်အတွေ့အကြုံသည်လည်း ကလေးသူငယ်များကို ခရစ်တော် ထက် ဆန်တာအပေါ်မှာ ယုံကြည်မှုများ ပိုမိုများပြားစေနိုင်ပါသည်။ အကြောင်းမှာ ကလေးသူငယ်များက သူတို့၏အ ကြိုက်ကိုပေးနိုင်သူများကို အထင်ကြီးလေးစားကြသောကြောင့်ဖြစ်ပါသည်။ မိဘများက ပေးသောလက်ဆောင် များဖြစ်သော်လည်း ဆန်တာပေးသကဲ့သို့ သွန်သင်ခြင်းသည် ကောင်းသောသွန်သင်ခြင်းဖြစ်သည်ဟု မဆိုနိုင် ပေ။ ဒီဇင်ဘာ ၂၄ ရက်ညမှာ ကလေးငယ်များကို ပန်းကန်များခံစေခြင်းထက်၊ လက်ဆောင်များကို မိဘကိုယ် တိုင်က ပေးခြင်းသည် မိဘနှင့်သားသမီးများအကြား ပျော်ရွှင်မှုများပိုမိုဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ ဆန်တာ ပေး သလိုမျိုးသွန်သင် ရင်တော့ ကလေးများက ဆန်တာအပေါ်မှာပဲကျေးဇူးတင်ကြမှာဖြစ်ပြီး၊ သူ့ကိုသာအားကိုးချင် စိတ် ပေါ်လာနိုင်ပါသည်။ မိဘတွေအပေါ်မှာလည်း ကျေးဇူးတင်ရကောင်းမှန်း သိရှိကြမည်မဟုတ်ပေ။

ခရစ္စမတ်ဘိုးဘိုးထံမှ သင်ယူစရာကောင်းသောသင်ခန်းစာများ

ခရစမ္စမတ်ဘိုးဘိုး ဆန်တာသည် ဆင်းရဲသားများကို ကူညီလိုစိတ်ရှိသူဖြစ်သည်။ သူ့နည်းတူ ကျွန်တော်၊ ကျွန်မတို့လည်း လုပ်ဆောင်နိုင်သူဖြစ်ရန်အရေးကြီးသည်။ ခရစ္စမတ်ရောက်လာတိုင်း သူများအိမ်မှာ သီချင်း ဆိုပြီး ပိုက်ဆံလိုက်ကောက်နေမည့်အစား မိမိတတ်နိုင်တဲ့ဘက်မှ ဆင်းရဲသားများကို ကူညီရမည်ဖြစ်သည်။ သီ ချင်းသွားဆိုကြတာ အပြစ်မဟုတ်သလို၊ မှားယွင်းတဲ့လုပ်ဆောင်မှုလည်းမဟုတ်ပေ။ သူတစ်ပါးအိမ်မှာ သီချင်း သွားဆိုကြရာတွင် ယုံကြည်သူများ၏အိမ်များတွင်သာ မသွားပဲ၊ မယုံကြည်သူများအိမ် တွင်လည်း သွားရောက် ကာ ခရစ်တော်၏ သတင်းကောင်းကို ဝေငှရင်း သီချင်းဆိုသင့်သည်ဟု စာရေးသူ ထင်မြင်ယူဆမိပါသည်။

ခရစ္စမတ်ဘိုးဘိုးဆန်တာ၏ အသက်တာမှာ သင်ယူစရာကောင်းသော အချက်ရှိပေမယ့် ခရစ်တော်ထက် အရေးပေးရမည့်သူမဟုတ်ပါ။ ခရစ္စမတ်သည် လူသားများကို ကယ်တင်ရန် ခရစ်တော်၏ လူ့ဇာတိခံယူခဲ့ခြင်းနှင့် လူသားကဲ့သို့ မွေးဖွားလာခြင်းကို အောက်မေ့သတိရဖို့ရန် ကျင်းပခြင်းဖြစ်ပါသည်။ ဆန်တာဘိုးဘိုးအတွက် ကျင်းပခြင်းမဟုတ်ပေ။ 




ကိုးကား
Got Question:“What Should Parents Tell Their Children about Santa Claus?” (Android Application)

No comments:

Post a Comment

Note: only a member of this blog may post a comment.