Saturday, 22 October 2016

ယေရှုခရစ်တော်၏ အလိုတော် ၀န်ခံနည်း



ယေရှုခရစ်တော်၏ အလိုတော် ၀န်ခံနည်း
++++++++++++++++++++++++++++

 
ယုံကြည်သူအနေဖြင့် အလိုတော်ကို ၀န်ခံရမည်ဆိုသော တရားဟောချက်များ၊ ဆောင်းပါးများ၊ အားပေးစကားများနှင့် သွန်သင်ချက်များစွာကို ကြားနေရမြဲဖြစ်သည်။ သို့သော် အဓိကအချက်မှာ ဘယ်လိုနည်းနဲ့အလိုတော်ကို ၀န်ခံရမလဲ ဆိုသော မေးခွန်းဖြစ်သည်။ နည်းမသိလျင် ဘယ်လိုဝန်ခံနိုင်မလဲ။ ဒီအပတ်တော့ ခရစ်တော်၏အလိုတော်ဝန်ခံနည်း အားဖြင့် ခွန်အားယူကြရအောင်။ 


ယုံကြည်သူအနေဖြင့် သင်ယူစရာသင်ခန်းစာအလုံးစုံတို့သည် ခရစ်တော်၏အသက်တာတွင် သင်ယူရရှိနိုင်ပါသည်။ လူ့ဇာတိကို ခံယူစဉ် အသက်ရှင်နေထိုင်သော ယေရှု၏လုပ်ဆောင်ချက်အားလုံးတို့သည် ယနေ့ယုံကြည်သူအနေဖြင့် လေ့လာသင်ယူရမည် အရာများဖြစ်သည်။ ယေရှုခရစ်တော်သည် လူသားများကို ကယ်တင်ရန်၊ တန်ခိုးပြရန်၊ တရားပြရန် အစရှိသည်တို့ကိုသာလုပ်ဆောင်ရန် ဤလောကသို့ကြွလာခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့နေ့စဉ် အသက် ရှင်နေထိုင်ရမည့်နည်းလမ်းများကိုလည်း သူ၏အသက်တာအားဖြင့် ပြသခဲ့ပါသည်။ ထို့ကြောင့် ယနေ့ယုံကြည်သူများ အနေဖြင့် ခရစ်တော်ထံမှ အလုံးစုံကို သင်ယူရရှိနိုင်ပါသည်။ 


ခရစ်တော်၏ အလိုတော်ကိုဝန်ခံနည်းမှာ စွန့်လွတ်ခြင်း၊ နှိမ့်ချခြင်း၊ အဆုံးသတ်ကောင်းခြင်းတို့ဖြစ်ပါသည်။ 

(၁) စွန့်လွတ်ခြင်း

ဖိလိပ္ပိသြ၀ါဒစာ ၂း၆-၇ တွင် ယေရှုခရစ်တော်သည် ဘုရားသခင်၏အလိုတော်ကို ၀န်ခံရန် သူ၏ပလ္လင်တော်ကို စွန့်တော် မူကြောင်းကို တွေ့ရမည်ဖြစ်သည်။ ယေရှုသည် ဘုရားသခင်၏သဏ္ဍာန်တော်နှင့်ပြည့်စုံသော သူဖြစ်သည်။ ဆိုလိုသည်မှာ ယေရှုသည် ဘုရားသခင်နည်းတူဖြစ်သည်ဟုအဓိပ္ပါယ်မြောက်သည်။ တန်းခိုးရှင်၊ ဖန်ဆင်းရှင် (ယော ၁) အစရှိသည်တို့ နှင့်ပြည့်စုံသူဖြစ်သည်။ ယေရှုသည် ကောင်းကင်နိုင်ငံတော်တွင် ဘုန်းအာနုတော်အပေါင်းနှင့် ပြည့်စုံနေပါသော်လည်း ဘုရားသခင်၏အလိုတော်ကို ၀န်ခံရန် သူ၏ပလ္လင်တော်ကိုစွန့်ကာ လူသားများကိုကယ်တင်ရန် ဤလောကသို့ လူသား အဖြစ်မွေးဖွားလာခဲ့သည်။ 


ထိုနည်းတူ ယုံကြည်သူအနေဖြင့်လည်း ဘုရားသခင်၏အလိုတော်ကို ၀န်ခံရန် မိမိ၌ရှိသော မာန၊ ဂုဏ်ထူး၊ ဘွဲ့၊ ချမ်းသာမှု၊ ကျော်ကြားမှုနှင့် ရှိရှိသမျှသောအရာတို့ကို စွန့်နိုင်သူဖြစ်ရန်အရေး ကြီးပါသည်။ စွန့်ရန်ဟုဆိုရာတွင် မိမိ၏ရှိရှိသမျှသော အရာများကို စွန့်ပစ်ရမည်ဟုမဆိုလိုပါ။ ဘုရားသခင်ကို မိမိ၏အရေးထက် ဦးစားပေးရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ မိမိ၏ အသက်တာတွင် ဘုရားသခင်ကို နံပါတ်တစ်နေရာတွင် ထားရမည်ဖြစ်သည်။ ဘုရားနှင့်ယှဉ်လာသောအရာများကို စွန့်လွတ်နိုင်သူ (သို့) နံပါတ်-၂နှင့် နောက်နေရာတွင် ထားနိုင်သူဖြစ်ရမည်။  


၂။ နှိမ့်ချခြင်း


ဖိလိပ္ပိသြ၀ါဒစာ ၂း၇ တွင် ယေရှုသည် မိမိအသရေကိုစွန့်ကာ ဤလောကသို့ အစေခံကျွန်ကဲ့သို့ မွေးဖွား လာခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ယေရှုသည် ဤလောကသို့ လူ့ဇာတိကိုခံယူရန် နှိမ့်ချစွာ မွေးဖွားလာခဲ့သည်။ လက်သမားမိသားစုထံမှ လူ့ဇာတိကိုခံယူခဲ့သည်။ လူ့ဇာတိကိုခံယူရန် လူသားကဲ့သို့မွေးဖွားလာချိန်တွင်လည်း နေရာမရ သောကြောင့် နွားစားခွက်တွင် သိပ်ခြင်းကိုခံရရှာသည် (လု ၂း၇)။ ယေရှုသည် ဘုရင်သားတော်အဖြစ် နန်းတော်တွင် မွေးဖွားမည်ဆိုလျင်လည်း မွေးဖွားနိုင်သည်။ သို့သော် နှိမ့်ချစွာဖြင့် ဤလောကသို့ လူ့ဇာတိကိုခံယူခဲ့သည်။

ယုံကြည်သူများ အနေဖြင့်လည်း ဘုရားသခင်၏အလိုတော်ကို ၀န်ခံမည်ဆိုလျင် နှိမ့်ချစွာ ၀န်ခံတတ်သူဖြစ်ရမည်။  သူတစ်ပါးအား ကိုယ်ထက်ကောင်းသည်ဟူသော စိတ်ထားမျိုး၊ အပြုအမူမျိုးဖြင့် အသက်ရှင်နေထိုင်ရမည်ဖြစ်သည်။ နှုတ်ကပတ်တော်ကလည်း ဤသို့သွန်သင်ထားသည် (ဖိလိပ္ပိ ၂း၃)။ နှုတ်ကပတ်တော်၏ သွန်သင်ချက်အတိုင်း အသက်ရှင် နေထိုင်ခြင်းသည်လည်း အလိုတော်ကို ၀န်ခံရာမြောက်ပါသည်။  

စာရေးသူသည် လွန်ခဲ့တဲ့လအနည်းငယ်က နာမည်ကြီးတရားဟောဆရာတစ်ဦး၏ သက်သေခံချက်ကို နားထောင်ခဲ့သည်။ သူ၏သက်သေခံချက်မှာ ထူးခြားလှသည်။ ထိုတရားဟောဆရာသည် ခရစ်တော်ကို မိမိ၏ကယ်တင်ပိုင်ရှင် အရှင်သခင် အဖြစ်လက်ခံရရှိသည်အချိန်တွင် ဘုရားသခင်ထံမှ ဖိနပ်အစုတ်များကို ဈေးထဲတွင်လိုက်ရောင်းရမည်ဟူသော စကား တော်ကို ရရှိခဲ့သည်။ သာမန်စဉ်းစားလျင် အဓိပ္ပါယ်မရှိဟု ထင်ရပါသော်လည်း၊ အလိုတော်မှာ ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ဖို့ရန် နှိမ့်ချတဲ့အသက်တာကို အရင်သင်ပါဟူသော သွန်သင်ချက်ဖြစ်လေသည်။ သင်နှင့်ကျွန်ုပ်သည် ဖိနပ်အ သစ်များကို ဈေးထဲလိုက်ရောင်းရမည်ဆိုလျင် ရောင်းချင်စိတ်ရှိကောင်း ရှိနိုင်ပါသည်။ သို့သော် ဖိနပ်အစုတ်များကို သွားရောင်းရမည်ဆိုလျင် အသေငြင်းချင်သူများ ဖြစ်နေမည်ဖြစ်သည်။ သို့သော် အလိုတော်ဖြစ်လျင် မည်သို့ပင် နှိမ့်ချစေကာမူ လုပ်ဆောင်နိုင်ရမည်ဖြစ်သည်။ မိမိကိုယ်မိမိ နှိမ့်ချပါ။

၃။ အဆုံးသတ်ကောင်းခြင်း

ဘုရားသခင်၏အလိုတော်ကို ၀န်ခံရာတွင် အဆုံးသတ်ကောင်းစွာ ၀န်ခံတတ်သူဖြစ်ရမည်ဖြစ်သည်။ ယေရှုသည် ဘုရားသ ခင်၏အလိုတော်ကို အကောင်းဆုံးသောအဆုံးသတ်ခြင်းအားဖြင့် ၀န်ခံခဲ့သည်။ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်း အားဖြင့် အလိုတော်ကို အဆုံးထိထမ်းဆောင်ခဲ့သည် (ဖိလိပ္ပိ ၂း၈)။ ယေရှုသည် ဤလောတွင် လူဇာတိခံယူရုံသာ အဆုံး သတ်ခဲ့မည်ဆိုလျင် ဘုရားသခင်၏အလိုတော်ကို အဆုံးထိ ၀န်ခံခဲ့သည်ဟု မဆိုနိုင်ပေ။ အကြောင်းမှာ အလိုတော်သည် လူသားများကို ကယ်တင်ရန်မိမိ၏အသက်ကို ပေးရမည်ဖြစ်သောကြောင့်ဖြစ်သည်။

ယုံကြည်သူအနေဖြင့်လည်း အလိုတော်ကို ၀န်ခံရာတွင် တစ်ဝက်တစ်ပျက် ၀န်ခံလို့မရပါ။ အဆုံးထိ ၀န်ခံတတ်သူဖြစ်ရ မည်ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် အဆုံးသတ်မကောင်းသောသူတို့ကို တွေ့ရပါသည် (နောက်ဆောင်းပါးများတွင်တင် ပေးမည်)။         


No comments:

Post a Comment

Note: only a member of this blog may post a comment.