Thursday, 5 October 2017

တော်တော်လေးကို အီသွားတယ်ဆရာ !!!!

မိုးသည်းထန်စွာရွာတဲ့ည နယ်စပ်ရွာလေးတစ်ရွာမှာ တရားဟောရန် လူပျိုကြီးသင်းအုပ်ဆရာက အ၀တ်အစားလှဲကာ ဘုရားကျောင်းသွားရန် ပြင်ဆင်နေသည်။ အားလုံးပြင်ဆင်ပြီးမှ ထီးကလေးကိုယူကာ ဘုရားကျောင်းဘက်သို့ ဦးတည်ပြီး လမ်းလျှောက်လာရာ ဘုရားကျောင်းရောက်တော့ အသင်းသားတစ်ဦးသာ ဘုရားကျောင်းထဲတွင် ထိုင်နေသည်ကို တွေ့လိုက်သည်။

သင်းအုပ်ဆရာ ။ ။ မင်္ဂလာပါ။ တစ်ယောက်တည်းလား။

အသင်းသား ။ ။ ဟုတ်ကဲ့ပါဆရာ။

သင်းအုပ်ဆရာ ။ ။ မိုးသည်းနေတယ်ဆိုတော့ လူတွေလည်းစောစောမလာနိုင်ကြဘူးထင်တယ်။ ခဏစောင့်ကြဒါပေါ့။

အသင်းသား ။ ။ ဟုတ်ကဲ့ပါဆရာ။

၁-နာရီကျော်ထိ နှစ်ယောက်သားထိုင်စောင့်နေကြသော်လည်း မည်သူမျှ ဘုရားကျောင်းသို့ ရောက်မလာကြပေ။ နောက်ထပ် နာရီဝက်ထပ်မံစောင့်ကြရာတွင်လည်း မည်သူမျှရောက်မလာကြသေးပေ။ ထိုအခါ ….

သင်းအုပ်ဆရာ ။ ။ မိုးနှင့်လေကကောင်း၊ ဘုရားကျောင်းတက်ရမည့်အချိန် တစ်နာရီတောင်ကျော်သွားပြီဆိုတော့ ဘယ်သူမှ မလာတော့ဘူးထင်တယ်။ ဒီတော့ ကျွန်တော်တို့လည်း အိမ်ပြန်ကြရင်ကောင်းမယ်ထင်တယ်။

အသင်းသား ။ ။ ဆရာ တစ်ခုလောက်ပြောပါရစေ။

သင်းအုပ်ဆရာ ။ ။ ဟုတ်ကဲ့။ ပြောပါ။

အသင်းသား ။ ။ ဆရာမှာ သိုးအကောင် ၅၀ ရှိတယ်ဆိုပါဆို။ ၄၉ ကောင်ကအစား၀၀စားပြီး အစားမစား ချင်တော့တဲ့အချိန်မှာ အစာငတ်နေတဲ့ တစ်ကောင်ကို အစာမကျွေးဘဲ ဒီတိုင်းထားမလား?
သင်းအုပ်ဆရာ ။ ။ မထားရက်ပါဘူးခင်ဗျာ (ရယ်မောလျှက်)။ ဒါဆိုရင် အခုပဲဘုရားကျောင်းစကြရအောင်လေ။ နှစ်ယောက်ထဲဆိုတော့ အစီအစဉ်အတိုင်းမသွားတော့ဘူး။ သီချင်းတစ်ပုဒ်ဆိုပြီး တရားစဟောကြတာပေါ့။


အသင်းသား ။ ။ ဟုတ်ကဲ့ပါဆရာ။
ဒီလိုနဲ့ သင်းအုပ်ဆရာက တရားစဟောတော့ဒါပေါ့။ မိုးသည်းတော့ ရာသီဥတုက နည်းနည်းအေးနေတဲ့အတွက် သင်းအုပ်ဆရာအတွက် တရားဟောရဒါ ကောင်းသွားတော့ဒါပေါ့။ အားရပါးရ ဟောနေလေသည်။ ဟောရင်းဟောရင်းနဲ့ သူငယ်စဉ်ဘ၀က ကျောင်းတက်ခဲ့ပုံ၊ ဘယ်လောက်ထိဆိုးသွမ်းခဲ့ကြောင်း၊ ရည်းစားထားခဲ့ပုံ အစရှိသည်တို့ တစ်ခုပြီး တစ်ခုပြောရာ တရားဟောပြီးလည်းပြီးရော သူ့တရားဟောချက်က ၃ နာရီခွဲခန့်မျှ ကြာမြင့်သည်ကို သတိထားမိ လေတော့သည်။ ရှားရှားပါးပါးနားထောင်ပေးသော အသင်းသားမှာလည်း တရားဟောပြီးသည်ထိ အိပ်မငိုက်ဘဲ နားထောင်ရှာလေသည်။ တရားဟောပြီး သီချင်းတစ်ပုဒ်ဆိုကြရာ၊
သင်းအုပ်ဆရာ၏ ကောင်းကြီးဆုတောင်းပေးခြင်းဖြင့် အဆုံးသတ်ခဲ့ကြသည်။ ဘုရားကျောင်းအပြီးတွင် သင်းအုပ်ဆရာက အသင်းသားကို …

သင်းအုပ်ဆရာ ။ ။ ကျွန်တော်ဟောတဲ့တရားဒေသနာကို ခွန်အားရလား?


အသင်းသား ။ ။ ရပါတယ်ဆရာ။ ဒါပေမယ့် …..သိုး ၅၀ စားမည့်အစာကို တစ်ကောင်တည်းက စားရတော့ “တော်တော်လေးကို အီသွားတယ်ဆရာ။”


No comments:

Post a Comment

Note: only a member of this blog may post a comment.